“တစ်ခါတုန်းက ခွါဒိုပွဲ”– ကိုယ့်ကိုယ်ကိုယ်လည်း ရယ်ချင်သည်။ မြင်ရသူ အဖို့တော့ ခွကျနေမည်လား မသိ။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ယောက်ျား တစ်ယောက် လေးဖက်ထောက် ကုန်းသွားနေရသည့် အဖြစ်က တော်တော် အကြည့်ရဆိုးမည်ထင်သည်။ သို့သော် မတတ်နိုင်။

ဆင့်သဖွယ် ကျိုးတိုးကျဲတဲ ခံထားသည့် ထင်းရှူး ပျဉ်ပြားများကလည်း ခနော်ခနဲ့။ သံချက်ဗလာ။ ပျဉ်ပြားကို ပေါက်ပြီး ခင်းထားသည့် ကြမ်းခင်းကလည်း ဖရိုဖရဲ။ တစ်ချက်လှမ်းလိုက်တိုင်း အောက်ခံသစ်လုံးတွေက လိမ့်နေသည်။ အပေါ်ကြမ်းခင်းက ရွေ့ပါသွားသည်။ ခြေနှင့်လက်ကို မနည်း ကုတ်တက်ရသည်။

နောက်တစ်ချက် အလှမ်းတွင် ခင်းထားသည့် ကြမ်းမှ ထင်းရှူးစ တစ်ခုက လက်သည်းကြားထဲ နစ်ဝင်သွားသည်။

‘ အောင်မယ်လေး ’ ဟု ယောင်အော်မိသည်။ လူလည်း ဖင်ထိုင်ချမိလျက်သား ဖြစ်သွားသည်။

“ဟယ်ဟို” ဆိုကာ သူ ကပျာကယာ ပြေးလာသည်။ “မှန်း… ပြစမ်း၊ ဘာဖြစ်သွားလဲ” ဟု ပြောပြီး လက်ကို အသာကိုင်ကြည့်သည်။

လက်ထိပ်ခြေထိပ်က အလွန်နာသောနေရာ။ နာလွန်း၍ ကျနော် မျက်နှာ ရှုံ့မဲ့သွားသည်။

“ဖယ်…. ငါလုပ်ပေးမယ်” ဟုဆိုကာ ပြူထွက်နေသည့် ထင်းရှူးစလေးကို သူ့လက်သည်းဖြင့် အမိကိုင်ပြီး ဆတ်ခနဲ ဆွဲထုတ်သည်။

‘ အောင်မယ်လေး ’ ဟု တစ်ချက် အော်မိပြန်သည်ထင်သည်။ သွေးစို့နေသော လက်ထိပ်ကို ကြည့်ပြီး သူစိတ်မကောင်း စကားဆိုသည်။ “ငါ့အိမ်လာလို့ နင် ဒီလိုဖြစ်ရတာ။ ငါစိတ် မကောင်းပါဘူးဟယ်”

ကျနော် အားနာသွားသည်။ အာရုံ လွှဲလိုက်ရသည်။

“အမှတ်တရပေါ့ဟယ်”

နှစ်ယောက်သား ပေါ့ပါးစွာ ရယ်လိုက်ကြသည်။ သူမက ကျနော်ကို ကြိမ်ထိုင်ခုံပုလေး တလုံးပေးသည်။ ဟောင်းနွမ်းပြီး အနားစုတ်နေသည့် ကြိမ်ထိုင်ခုံကလေးပေါ် အသာထိုင်ချလိုက်သည်။

‘ ခဏနေဦးနော် ’ ဟုဆိုကာ သူထသွားသည်။ ကြမ်းနင်းသံ တချုန်းချုန်း မြည်နေသည်။ သူတို့ဟာနဲ့ သူတို့တော့ အဟုတ်ကြီး။

တအောင့်ကြာတော့ သူပြန်တက်လာသည်။ ခေါင်မြေအိုးတလုံး ကိုင်လာသည်။ တစ်ဖက်က ရေပုံး ထဲမှာ ဝါးပိုက်လေး နှင့် ခွက်တလုံး ထပ်ဆင့်ကိုင်လာသည်။ ခေါင်မြေအိုးထဲမှာ ခေါင်ဖတ် အပြည့်နဲ့ အဲအပေါ်ကနေ ဝါးပိုက်ကလေးထိုးချပြီး ရေလောင်းထည့်လိုက်ကာ အနေသားတကျချပြီးတော့-

“အားမနာနဲ့နော်” ဟု ပြောလျက် “တငုံစုတ်ပြီး သောက်ဟယ် ဒါတို့ ဇိုမီး ရိုးရာ ခေါင်ရည်ပါ”

နေလောင်ထားသဖြင့် မွဲခြောက်နေသည့် အသားအရေ၊ အပွင့်တွေ ပြယ်လွင့်နေသည့် လုံချည်၊ ချုပ်ရာဖာရာတို့ဖြင့် ပြည့်နှက်နေသည့်အင်္ကျီ။ ဆီနှင့်ဝေးသဖြင့် နီကြန့်နေသည့် သူ့ခေါင်းစုတ်ဖွား။ တစ်ခုစီ လိုက်ကြည့်ပြီး အရင်နဲ့ ဘာမှ မဆိုင်တော့ပါလားဟု တွေးနေမိသည်။ အထူးသဖြင့် အရင်က သိမ်းမျက်လုံးသဖွယ် ကျနော်တို့ တင်စား အားကျခဲ့သည့် သူ့မျက်လုံး။ ခုကြည့်ရတာ တစ်မျိုးဖြစ်နေသည်။

မေးကြည့်မည် အပြု၊

‘ ရော့ သောက်ဦးဟယ် ’ ဟု ပြောပြီး သူ အတင်းထိုးပေးလာသော ရေခွက်ထဲ ရေအပြည့်ထည့်ပေးကာ ကျနော် ယောင်ယမ်းကိုင်ပြီး မမေးမိတော့။ တခွက်စာ သောက်ပြီးမှတော့ ခေါင်းထဲ မူးဝေဝေ နေပြီး၊ သူမကိုသာ ကျနော် ငေးကြည့်နေမိသည်။

ကျနော်တို့ ငယ်ငယ်က ရွာမှာ ခွါဒိုပွဲကို စိတ်ရောက်သွားသည်။ ခွါဒိုပွဲမရောက်ခင် တစ်လ နှစ်လ ကြိုပြီး ထင်းရှူးကို ခုတ်ပြီး မီးတိုင်အတွက် စုထားကြသည်။ တောက လူများသည် တစ်ယောက်မျှ မအား။ သက်ကြီးရွယ်အိုနှင့် ကလေးများမှ တစ်ပါး လုပ်နိုင်ကိုင်နိုင်သည့် လူရွယ် လူလတ်အားလုံး မိမိတို့ တောင်ယာ လယ်ခင်းထဲတွင် အချိန်ကုန်ကြရသည်။ ညနေ မိုးချုပ်မှ ရွာပြန်ကြရသည်။

အပြန်တွင် မိမိတို့ တောင်ယာ ရိုးထဲရှိ ရွှံ့တောင်ပုစေးများကို ခွာခဲ့ကြသည်။ ရေမိုးချိုး စားသောက်ပြီးကြသည်နှင့် အမောမဖြေအား။ ရွှံ့တုံးလေးများ ကိုယ်စီဖြင့် လောက်စာလုံး လုံးရန် အတွက် ကျိန်ခုပ် တို့ အိမ်သို့ သွားကြသည်။ ပြောင်းစေ့လှော် နေကြာစေ့လှော် ဝါးရင်း ရေနွေးကြမ်းသောက်ရင်း လောက်စာလုံး လုပ်ကြသည်။ လောက်စာလုံးတွေ ဝါးနဲ့လုပ်သော စကာ တွေထဲထားပြီး မနက်ကြရင် နေပူလှန်းရမည်ဖြစ်သည်။

အခုလို တစ်ရွာလုံးရှိ လူကြီးလူငယ် လူလတ်အားလုံး တစ်နေရာတည်းစုပြီး လောက်စာလုံးတွေလုံးရင် လူကြီးတွေက ပုံပြင်တွေပြောပြကြပြီး တော်တော် ပျော်စရာကောင်းလှပေသည်။

မိုးတွင်းမှာ တောင်ယာ အခင်တွေမှာ တော တိရစ္ဆာန်တွေ ဌက်တွေက တောင်ယာခင်းတွေမှာ ပြောင်းဖူး၊ ဆပ်၊ လူး၊ စပါး နှင့် ဟင်းသီး ဟင်းရွက်လာစား ကြပါတယ်၊ ဒါကို တောင်ယာ သမားတွေက လောက်လေးနဲ့ ပစ်ရာတွင် အသုံးပြုလေ့ ရှိပါတယ်၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပါပဲ။

ကျနော်တို့ ရွာဦးမှာ ဘုရားကျောင်း လေးခု ရှိပါတယ် ကာသိုလိပ် ဘုရားကျောင်း၊ ခရစ်ယာန် တပည့်တော် ကျောင်း၊ ZBCM ခေါ် ခရစ်ယာန် ကျောင်း နှင့် Siangsawn ခေါ် ဘုရားကျောင်း ရှိပါတယ်။ လူငယ်အဖွဲ့အစည်း ZYA များက သာရေး နာရေးတွေမှာ တာဝန်ယူပြီး၊ Khuazun အဖွဲ့အစည်း များက ရပ်ရေးရွာရေး တွေမှာ တာဝန်ယူလေ့ ရှိပါတယ်။

ပွဲသဘင်တွေမှာ ခွါဒိုပွဲတွေမှာ အတူတူလုပ် အတူတူစားကြပြီး၊ ဇိုမီးရိုးရာ ဓလေ့များ ပြသခြင်း၊ အဆိုအတီး များနှင့် အားကစားမျိုးစုံ ကျင်းပကြသဖြင့် ပျော်စရာ အလွန်ကောင်းလှပါတယ်။ စည်းလုံး ညီညွတ်မှုအပြည့် ရှိသော ဇိုမီးတို့၏ ချစ်စရာဓလေ့ တစ်ခုဖြစ်သည်။ ထိုဓလေ့ကို ကျနော် နှစ်သက်သည်။ မြတ်နိုးသည်။ တွယ်တာသည်။

ယခုတော့ ချစ်ကြည်ရင်းနှီးမှု အလေ့လေး ပျောက်ကွယ်သွားလေပြီ။ ဘုရားလူကြီးတွေက သူ့ အချိန်ကျတဲ့ တနင်္ဂနွေနေ့ဆို ဘုရားကျောင်းသွား။ ရွာမှာ လူများကလည်း ကိုယ့် တာဝန် မရှိတော့သလို။ သွားသူ သွား၊ မသွားသူ မသွား။ ပျော်စရာ မကောင်းတော့။ စည်းလုံးမှုလည်း လျော့ရဲနေသည်။

ကျနော် စဉ်းစားကြည့်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများပြားလာခြင်းမှာ ဝမ်းသာစရာ ကောင်းသလောက်၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှု ပိုလာခြင်းမှာလည်း ဝမ်းနည်းစရာ ကောင်းလှသည်။ ထားတော့ … ။

သည်တုန်းက ခေါင်ရည်ခွက်ကို ကိုင်ပြီး ရှေ့ဆုံးက ကြော့ကြော့လေးလျှောက်လာသူ ကျိန်ခုပ်ကို အားလုံးက ငေးကြည့်ကြရသည်။ ကျိန်ခုပ် ၏ အလှသည် သမင်လည်ပြန် ကြည့်ရသည့်အလှ အသားအရေ၊ နှာတံ၊ မျက်ခုံး၊ ဆံပင် အားလုံးလှသည်။ အထူးသဖြင့် မျက်တောင်ကော့ကြီးတွေ အောက်က ဝိုင်းစက်ရွှန်းလဲ့နေသည့် သူ့မျက်လုံး။ ကာလသားတို့ မပြောနှင့် ခုခေတ် လူငယ် တွေကတောင် စွဲမက်ခဲ့ကြရသည်။

ရွာမှာ အလှူပွဲ ဘုရားပွဲ ရှိလျှင် ကျိန်ခုပ် မပါ၍ မဖြစ်။ အဆိုအက ဆိုလည်း ကျိန်ခုပ်၊ တရားဟောလည်း ကျိန်ခုပ်၊ ကာလသားတွေ အချင်းချင်း ကျိတ်ပြီး ရန်ပွဲ ခင်းရသည်အထိ သတင်းကြီးသည့် အလှဘုရင်မ။

ခုပုံကို မြင်ရတော့ သင်္ခါရလို့ပဲ ပြောရတော့မလား မသိ။ နှောင်းလူငယ်တွေကို ဒါ ငယ်ငယ်တုန်းက တို့ရွာက အလှမယ်လို့ ပြောလျှင် ဝိုင်းရယ်ကြလေမည်လားမသိ။ ဘုရားစူး ကျိန်ပြောရမည့် အဖြစ်။ ယုံတမ်းစကား မဟုတ်။ တကယ်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း သိပ်မဝေးလှသေး။ သည်အချိန်အတွင်းမှာ ဒီလောက် ပြောင်းလဲသွားရသလားဟု တွေးပြီး ကျနော် အံ့ဩဝမ်းနည်း နေမိသည်။

“ကို ပေါင်ပီး… ဘာ စဉ်းစားနေတာလဲ”

သူ့အသံကြောင့် ကျနော် အတွေးမျှင် ပြတ်သွားသည်။

“ဟို တို့ငယ်ငယ်တုန်းက အကြောင်းတွေကိုပါ”

သူပြုံးလျက် “ဘာလဲ၊ ငါအလှမယ် လုပ်တဲ့ဟာလား၊ ဒါမဟုတ်ရင် ငါ ဆိုတဲ့ သီချင်းများလား” ဟု မေးသည်။

“အစုံပါပဲဟယ်၊ သိပ်ချစ်စရာ ကောင်းခဲ့တဲ့ ခွါဒိုပွဲတွေကို ရောပါ”

သူ ကျနော်ကို ကြည့်ပြီး တမ်းမောစွာ ပြောသည်။ “ဟုတ်တယ်နော်။ ဒါတွေဟာ အခုတော့ အိပ်မက်လိုပါပဲဟယ်”

“အိပ်မက်ဟုတ်တယ်။ နိုးထချင်စိတ် မရှိလောက်အောင်ကို လွမ်းမောစရာ ကောင်းတဲ့အိပ်မက်”

ကျနော်ကို သူဘယ်လို နားလည်သည်မသိ။ ငေးကြည့်နေသည်။ ခေါင်ရည်ခွက်ကို အသာပြန်ချလျက် တွေ့ချင်သောအရာကို မေးလိုက်သည်။

“ဒါနဲ့၊ နင့်သမီးအကြီးက ခြေတွေလက်တွေ မသန်ဘူးဆို။ ဘယ်မှာလဲ”

“ဟိုမှာလေ” ဟု ဆိုကာ မီးဖိုဘက်ကို သူ လက်ညှိုးထိုးပြသည်။

ငုတ်တုတ်ထိုင်နေသည့် အပျိုဖျန်းအရွယ် မိန်းကလေးတစ်ယောက် ကျနော်ကို အထူးအဆန်းသဖွယ် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ကျိန်ခုပ်၏ ငယ်ငယ်တုန်းက အလှကို ကလေးမလေး မျက်နှာတွင် တွေ့နေရသည်။ ကျနော် ကလေးမလေးဆီ သွားမည်ဟု ဖြုန်းခနဲ ထလိုက်သည်။ အောက်က သစ်လုံးက ကျွီခနဲလိမ့်သွားသည်။ ဪ ဆိုပြီး ပြန်ထိုင်လိုက်ရသည်။ ကျိန်ခုပ်က ကျနော် ကို လက်ကမ်းပေးသည်။ သူ့လက်ကို အားပြုပြီး ကလေးဆီ အရောက်သွားရသည်။ သူ့ဘေးနား အသာဝင်ထိုင်သော ကျနော်ကို ပြုံးပြီး နှုတ်ဆက်သည်။

“သမီး နာမည် ဘယ်လိုခေါ်လဲ” ကျနော် မေးကြည့်သည်။

ကျိန်ခုပ်က ကျနော်ကို ကြည့်ပြီး “သမီးက စကားမပြောတတ်ဘူး ကိုပေါင်ပီးရဲ့” ဟု ဝမ်းနည်းစွာ ပြောလိုက်သည်။

သိမ်နေသည့် ခြေကလေး၊ လက်ကလေးတွေကို ကျနော် အသာ ကိုင်ကြည့်သည်။ ကျိန်ခုပ်က သူ့သမီး အကြောင်းကို ပြောပြနေသည်။

“မွေးကတည်းက ပါလာတာလေ၊ တောဆရာ မြို့ဆရာစုံနေတာပါပဲဟယ်။ မွေးရာပါ ဆိုတော့ မရတော့ဘူးတဲ့လေ။ စကား မပြောတတ်တာထက် လမ်းမလျှောက်နိုင်တာက ခက်တယ်။ ထမင်းလည်း ခွံ့ကျွေးရတယ်။ လုံချည်အင်္ကျီကအစ ဝတ်ပေးရတယ်။ ကုသိုလ် ဆိုးပါတယ်ဟယ်”

ပြောရင်း မျက်ရည်ကျလာသည်။ ကျနော်တို့ နေတဲ့မြို့က သူဌေးသားလေးကို သွားသတိရသည်။ မွေးတုန်းက အကောင်း၊ ဆေးထိုးမှားပြီး အောက်ပိုင်းသေသွားသည်။ ဒါပေမဲ့ သူတို့အဖို့ အရေးမကြီး။ အထိန်းနှင့် အချီနှင့် အချော့နှင့်။ မအေက အလုပ်မရှိ။ မသန်မစွမ်း ကျောင်းတွင် တစ်နေကုန် ကျောင်းလိုက်တက်နေသည်။ ကလေးမလေး၏ ရှေ့ရေးကို ကျနော် တွေးကြည့်သည်။ အပျိုဖြစ်လျှင် အခက်။ မအေ မရှိလျှင် မလွယ်။

“နင့်သား အလတ်ကလေးရော”

“ခု သူပဲ လုပ်ကျွေးနေတာပေါ့ဟယ်၊ တစ်နေ့ ငါးသောင်း ကျပ်နဲ့ နယ်စပ်တောင်ကုန်းမှာ ရှမ်းနှမ်း(ZoLo)စိုက်တဲ့ အလုပ်လုပ်နေရတယ် လေ။ ငါကလည်း တစ်ဖက်က ဝက်မွေးရင်းနဲ့ ပေါ့ဟယ်”

“ရှမ်းနှမ်း(Zolo) ခင်းမှာ လုပ်ရအောင် အသက်ဘယ်လောက်ရှိလို့လဲ”

“ကိုးနှစ်လေ”

“ကျောင်းမထားဘူးလား”

“ထမင်းတောင် နပ်မှန်အောင် မနည်းစားနေရတာ ဒီကြားထဲက ဘယ်ကိုပြေးရမည်လဲမသိတော့ဘူး။ အာဏာသိမ်းတော့ အစိုးရ ကျောင်းတွေကပိတ်၊ သူများထားတဲ့ကျောင်းမှာ ဘယ်လိုလုပ် ကျောင်းထားနိုင်မလဲ။ ဒီကြားထဲ ငါက မျက်လုံး ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး”

ဟုတ်ပါရဲ့ ရောက်ကတည်းက ကျနော် သတိထားမိသည်။ ဟိုပြော၊ ဒီပြောနှင့် မမေးဖြစ်။ ခုမှ မေးရသည်။

“ဟုတ်တယ်၊ နင့်မျက်လုံး ကြည့်ရတာ တစ်မျိုးကြီးပဲ၊ ဘယ်လို ဖြစ်တာလဲ”

“သလ္လာဖုံးတယ်ခေါ်မလားဟယ်၊ မတွေ့ဘူးလား။ အနက်ပေါ် အဖြူတွေ ဖုံးလိုက်လာတာ”

သူ့မျက်လုံး အောက်မျက်ခမ်းကို ဆွဲဖိပြီး သူပြသည်။ သူ့စကားပြောပုံမှာ ပေါ့ပေါ့လေး။ သူ့မျက်လုံး ကွယ်သွားလျှင် အခက်၊ ကျနော် ပြောကြည့်သည်။

“နင် ဒီလိုပေါ့ပေါ့နေလို့ ဘယ်ဖြစ်မလဲ။ မျက်လုံးဟာ အရေးကြီးတယ်။ ငါပြန်ရင် လိုက်ခဲ့။ ဟိုမှာ ပါရဂူတွေနဲ့ ပြကြည့်ရအောင်”

“ဒီဒုက္ခိတကို ထားခဲ့ပြီး ငါဘယ်လိုလုပ် လိုက်မလဲ။ ငါမရှိရင် အကုန်ထမင်းငတ်ကုန်မှာ”

သူ့သမီးဘက် လှည့်ကြည့်ပြောရင်း ငိုပြန်သည်။ အငူသား ထိုင်နေသော ကလေးမကို ကျနော်ကြည့်သည်။ ငိုနေသော သူ့အမေကို တစ်လှည့်၊ ကျနော်ကို တစ်လှည့် သူ ကြည့်နေသည်။ သူ့မျက်နှာသည် ခံစားမှုမဲ့မျက်နှာမျိုး။ အသိဉာဏ်ရော ရှိရဲ့လား။ ကျနော် ဆက်မမေးချင်တော့။

ထိုအချိန်တွင် အိမ်ပေါ်သို့ လူတက်လာသဖြင့် ကြမ်းမြည်သံ ကြားလိုက်ရသည်။ ကျနော်လှည့်ကြည့်မိသည်။ ဘောင်းဘီဗလာ၊ အင်္ကျီစုတ်ပြဲနှင့် ဖုန်အလူးလူး ကပ်ငြိနေသော ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ဦးကို မြင်လိုက်ရသည်။

“ဒါ ငါ့သား အငယ်ဆုံးလေ၊ သူ့အဖေ တော်လှန်ရေးတပ်မှာ ဆုံးတော့ နှစ်နှစ်အရွယ်နဲ့ ကျန်ခဲ့တာ” မျက်ရည်ကိုသုတ်ရင်း သူပြောသည်။

“မေမေ ထမင်းစားမယ်” ဟု ကလေးက လှမ်းအော် ပြောသည်။

“ဟဲ့နေဦး ဟင်းမရှိသေးဘူး” ဟု ကျိန်ခုပ်က ပြန်ပြောသည်။

လေးဖက်ထောက် တွားသွားပြီး စောစောက ကျနော် စားရန် ချထားသည့် ပိန်ဥပြုတ် ပန်းကန်ကို လှမ်းဆွဲရင်း “ဒါစားမယ်” ဟု ပြောနေပြန်သည်။

“ဟဲ့ မလုပ်နဲ့ သား၊ ဒါ ဦးကြီး စားဖို့” ကျိန်ခုပ်က အတင်းထမည် ပြုသည်။

ကျနော် လှမ်း ဆွဲထားလိုက်ရသည်။ “နေပါစေ ကျိန်ခုပ်၊ ကလေး စားချင်စားပါစေ၊ ကျွေးလိုက်ပါ”

ဒီတော့မှ ကျိန်ခုပ်က “ဒီကို ယူလာခဲ့သား” ဟု လှမ်းပြောသည်။ ပန်းကန်တစ်ဖက်ကိုင်လျက် လေးဖက်ထောက် လာနေသော ကလေးကို ကြည့်ပြီး သူလည်း ငါ့လိုပါပဲလား ဟု တွေးပြီး ရယ်ချင်သွားသည်။ ပိန်ဥပြုတ် စားနေသော ကလေးငယ်ကို ကျနော် ကရုဏာသက်စွာ ကြည့်နေမိသည်။

“အစ်မကြီးကိုလည်း နည်းနည်း ကျွေးလိုက်သား” ဟု ဆိုသဖြင့် သူ့အစ်မကြီး ကိုလည်း ခွံ့ကျွေးလိုက်သေးသည်။

ထမင်းလုတ်ဝါးနေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ကျနော် ရင်ထဲ ဆို့နင့်နင့်ကြီး ဖြစ်နေသည်။

“ကိုပေါင်ပီးလည်း တစ်ခါတလေ ရွာပြန် လာလည်ပါတယ်။ ငါ့အိမ် လာပြီး စိတ်ညစ်နေပြီ ထင်တယ်”

စိတ်ညစ်တာ မဟုတ်ပါဘူးဟယ်။ စိတ်မကောင်း ဖြစ်နေတာပါဟု ပြန်ပြောချင်သော်လည်း ငိုချင်လျက် လက်တို့ ဖြစ်နေမှာစိုး၍ မပြောလိုက်တော့။ သွားဦးမယ်နော်ဟု နှုတ်ဆက်တော့ အိမ်ဝအထိ သူ တွဲပို့သည်။ မပြန်ခင်လာခဲ့ဦးဟယ်ဟု သူဖိတ်တာကို ခေါင်းညိတ် လက်ခံလိုက်သည်။

“ကုသိုလ် ဆိုတာ ဒါပဲဖြစ်မယ် ကိုပေါင်ပီး၊ တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်ကြီးပြင်းခဲ့ကြတဲ့ နင်နဲ့ ငါ့ဘဝကိုပဲ ကြည့်”

လူချင်း ခွဲခါနီး ပြောလိုက်သည့်စကားက ရင်ထဲပါလာသည်။

ရွာလမ်းမပေါ် လျှောက်လာရင်း တစ်ချိန်က ချစ်စဖွယ် ခွါဒိုပွဲ နှင့် ကျိန်ခုပ်ရဲ့အလှကို မြင်ယောင်နေမိသည်။