(၇၈) နှစ်မြောက် ဇိုမီးအမျိုးသားနေ့ သဝဏ်လွှာ
ရက်စွဲ၊၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် ဇိုမီးလူမျိုးများ၏ သမိုင်းဝင် အထိမ်းအမှတ်နေ့ကြီးတစ်နေ့ ဖြစ်သည်။ ယင်းနေ့တွင် ဖလမ်းမြို့၌ ကျင်းပပြုလုပ်သော လူထုအစည်းအဝေးကြီးမှ နယ်ချဲ့အင်္ဂလိပ်တို့ ပြဋ္ဌာန်းခဲ့သော
(The Chin Hills Regulation Acts) အား ပယ်ဖျက်ကာ ချင်းဝိသေသတိုင်း အုပ်ချုပ်ရေး ဥပဒေသစ် ပြဋ္ဌာန်းနိုင်ရေး အတွက် ပထမဆုံးသော လူထုလှုပ်ရှားမှုကြီးကို အကြမ်းမဖက် သွေးထွက်သံယိုမရှိဘဲ ကျင်းပနိုင် ခဲ့ကြသည်။
ဒီမိုကရေစီနည်းလမ်းတကျ လူထု၏ ဆန္ဒဖြင့် စတင်ခဲ့သော ဤလှုပ်ရှားမှုသည် ကျွန်ုပ်တို့ ဇိုမီးလူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ရှေ့ပြေးလမ်းခင်း ပေးခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ကျင်းပပြုလုပ်သော ညီလာခံကြီးတွင် တောင်တန်းနှင့် ပြည်မသားများ လွတ်လပ် ရေး အတူတကွ ရယူရန် သဘောတူ လက်မှတ်ရေးထိုးရာ၌ ချင်းဝိသေသအတွင်းရှိ ဇိုဂမ်မှ ဇိုမီးလူမျိုးများ၏၊ နောင်တွင် ပေါ်ပေါက်လာမည့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားတရပ်အနေဖြင့် ရပ်တည်နိုင်ရေးအတွက်၊ ကိုယ်စားလှယ် ပူထောင်းဇခုပ် (Pu Thawng Za Khup) တက်ရောက် ခဲ့ခြင်းသည် လည်း ကျွန်ုပ်တို့ ဇိုမီးလူမျိုးများ၏ သမိုင်းတွင် ဂုဏ်ယူဖွယ်ရာ အခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိနေပါသည်။
ထို့ကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် လမ်းခင်းပေးခဲ့သော အဆိုပါ နေ့ထူးနေ့မြတ်အား ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (Zomi Political Coordination Council) မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ကျင်းပသော နိုင်ငံတကာ ဇိုမီးအမျိုးသား ညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ ဇိုမီး အမျိုးသားနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စုအစ ရှမ်းပြည်၊ ပင်လုံက” ဟူသော စကားအတိုင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပြည် ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံးသည် မိမိတို့၏ နိုင်ငံရေး အိပ်မက်များ၊ မျှော်လင့်ချက်များအား အတူ တကွ အကောင်အထည်ဖော်ရန် ဂတိကဝတ်များ ပြုကာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယနေ့တိုင် အကောင် အထည် မဖေါ်သေးသော ကတိကဝတ်များ၊ ဖြေရှင်းရန် ကျန်ရှိနေသေးသော နိုင်ငံရေး ပြဿနာများကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး လက်တွဲညီညီဖြင့် နိုင်ငံရေးနည်းလမ်းအရ ဆက်လက် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အထူးပင် လိုအပ်လျက်ရှိသည်။
သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ဇိုမီး အမျိုးသားနေ့ အခါသမယ၌-
· ဇိုမီးလူမျိုးများ အားလုံး စည်းလုံးညီညွတ်မှုနှင့်အတူ အေးချမ်းသာယာမှု ရရှိကြပါစေကြောင်း၊
· ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းပါစေကြောင်း၊
· ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး မိမိတို့၏ နိုင်ငံရေး လုပ်ငန်းဆောင်တာများ
အလိုက် အောင်မြင်တိုးတက်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ လုံခြုံအေးချမ်းကြပါစေကြောင်း
လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သလျက် ဤသဝဏ်လွှာကို ထုတ်ပြန်အပ်ပါသည်။
ဇိုမီး နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ
(Zomi Political Coordination Council)