စက်တင်ဘာ ၁၁၊ ၂၀၂၅

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တီးတိန်ခရိုင်အတွင်းရှိ ဇိုမီးဘာသာစကားဖြင့် ခွာဒို (Khuado) ဟုခေါ်သော ကောက်သစ်စားပွဲတော်သည် ဇိုမီးလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ဇိုမီးလူမျိုးတို့သည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသောကြောင့် တောင်ယာရိတ်သိမ်းရာသီရောက်ပြီဆိုလျှင် တောင်ယာနီးချင်း ဆွေမျိုးများနှင့် စုပေါင်းစားသောက်ကြရင်း လာမည့်ရာသီတွင် သီးနှံများ အောင်မြင်ဖို့ရန် ရိုးရာနတ်ပူဇော်ပသမှုများ ပြုလုပ်လေ့ရှိကြသည်။

ဤပွဲတော်တွင် ဇိုမီးလူမျိုးတို့၏ ရှေးဘိုးဘေးတို့အား ပင့်ဖိတ်ကန်တော့ခြင်းများအပြင် ရွာအတွင်းရှိ မကောင်းဆိုးဝါးများအား နှင်ထုတ်ခြင်းများကိုလည်း ပြုလုပ်ကြသည်။ ရိုးရာခွာဒိုပွဲသည် နှစ်သစ်ကူးပွဲတော်တစ်မျိုးဖြစ်ပြီး အောက်တိုဘာလတွင် အများဆုံးကျင်းပကြသည်။

ခွာဒိုပွဲတော်သည် ဇိုမီးတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည်။ ၎င်းသည် ဇိုမီးလူမျိုးတို့၏ ရိုးရာပွဲတော်များအနက် အထူးအရေးပါဆုံးနှင့် အမြင့်မြတ်ဆုံးသော ပွဲတော်လည်းဖြစ်သည်။ ခွာဒိုပွဲတော်ကို ရွာလုံးကျွတ် စုပေါင်းကျင်းပလေ့ရှိပြီး အဆင့်အတန်းမရွေး၊ ဘာသာမရွေး စုပေါင်းတာဝန်ယူကာ ကျင်းပလေ့ရှိသည်။ ရိုးရာခွာဒို (Khuado) ပွဲတော်ကို ကျေးလက်ဒေသများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်တစ်ကြိမ် ကျင်းပလာခဲ့ကြသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

ချင်းပြည်နယ်ရေးရာဦးစီးအဖွဲ့မှ ၃-၈-၁၉၆၄ ရက်နေ့တွင် ရွေးချယ်သတ်မှတ်ခဲ့ပြီး ၂၇-၁၀-၁၉၆၄ ရက်နေ့တွင် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ စုစုပေါင်း သုံးရက်ကို ချင်းပြည်နယ်အတွင်း ဇိုမီးတိုင်းရင်းသား ခွာဒိုပွဲတော်အတွက် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

တောင်ယာသီးနှံများ တစ်နှစ်တာ ရိတ်သိမ်းပြီးစီးမှုအောင်ပွဲ၊ ရွာသူရွာသားများ ကျန်းမာပျော်ရွှင်ရေးနှင့် အနာရောဂါဘယ ကင်းဝေးစေရန်၊ ရာသီဥတု ကောင်းမွန်မှန်ကန်ပြီး တောင်ယာသီးနှံများ အထွက်တိုးအောင်မြင်စေရန်၊ ရွာတွင်းရှိ မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို နှင်ထုတ်ကာ အန္တရာယ်ကင်းဝေးစေရန်၊ အေးချမ်းသာယာစွာ နေထိုင်စားသောက်နိုင်ရန်နှင့် စိတ်သစ်ကိုယ်သစ်ဖြင့် ပျော်ရွှင်စွာ နှစ်သစ်သို့ ကူးပြောင်းရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြခြင်းလည်းဖြစ်သည်။

ပွဲတော်ကျင်းပချိန် (ခွာဒိုရာသီကာလ)

ခွာဒိုပွဲတော်ကျင်းပချိန်သည် ကျေးရွာဒေသတစ်နေရာနှင့်တစ်နေရာ မတူညီပါ။ ဆပ်(စ်)နှင့် ပြောင်းဖူးစိုက်ပျိုးသည့် ကျေးရွာများ၌ စက်တင်ဘာလတွင် စတင်ကျင်းပပြီး စပါးစိုက်ပျိုးသော ကျေးရွာဒေသများ၌မူ ခွာဒိုပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ ခွာဒိုပွဲတော်ကို နေရာဒေသအသီးသီးတွင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ၌ ကျင်းပကြသည်။ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလကို ခွာဒိုရာသီကာလဟုခေါ်သည်။ တစ်ရွာနှင့်တစ်ရွာ အပြန်အလှန်ဖိတ်ကြားကာ စုပေါင်း ကျင်းပကြသည်။

ဇိုမီးရိုးရာ ခွာဒိုပွဲတော်ကို ဒေသအလိုက် အမျိုးမျိုး ခေါ်ဆိုသုံးစွဲကြသည်။ ကွမ်ခင့် (Kum Khen)၊ တုမ်တွန့် (Tuk Tun)၊ ခွာဒို (Khua Do) စသဖြင့် ဒေသကွဲပြားမှုအလိုက် အသုံးအနှုန်းများ ကွဲပြားသော်လည်း ခွာဒိုပွဲတော်၏ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် ပွဲတော်ကျင်းပရခြင်း၏ အကြောင်းရင်းတို့မှာမူ ကွဲပြားခြားနားခြင်းမရှိပေ။ ဇိုမီးလူမျိုးများ၏ ဒေသအလိုက် ဓလေ့ထုံးစံနှင့် ယုံကြည်မှုအယူဝါဒများမှာ ဆင်တူညီမှုရှိကြသည်။

ဇိုမီးရိုးရာခွာဒိုပွဲတော် (ခေါ်) နှစ်သစ်ကူးပွဲတော်သည် ရာသီပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဓိကတောင်ယာသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။ ရာသီဥတု၊ ရေမြေသဘာဝ၊ ပထဝီအခြေအနေအရ တောင်ယာသီးနှံရိတ်သိမ်းချိန်သည် တစ်နေရာနှင့်တစ်နေရာ မတူညီကြသဖြင့် ခွာဒိုပွဲတော်ကို အစောဆုံးစက်တင်ဘာလမှ နောက်ဆုံးဒီဇင်ဘာလအထိ ကျေးရွာအလိုက် ကျင်းပကြသည်။ ယခုအခါတွင်မူ အစိုးရက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိသာ ကျင်းပကြသည်။

ခွာဒို၏အနက်အဓိပ္ပာယ်

ရှေးအခါက ဇိုမီးလူမျိုးများသည် ဤစကြဝဠာတစ်ခုလုံးကို ကောင်းကင်ဘုံ (Vantung)၊ လူ့ကမ္ဘာ့ဘုံ (Leitung) နှင့် မြေအောက်ဘုံ (Leinuai) ဟူ၍ ဘုံသုံးဆင့်ဖြင့် တည်ဆောက်ထားသည်ဟု ယူဆကြသည်။ လူ့ပြည်၊ လူ့ရွာ၊ လူ့ကမ္ဘာဘုံကို ခွာ (Khua)ဟု ခေါ်ဆိုသည်။ တန်ခိုးရှင်ဘုရားများနှင့် ကွယ်လွန်သူများ၏ ဝိညာဉ်များက စောင့်ရှောက်ကြသည်ဟု ယုံကြည်သည်။

ဒို (Do) ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရှိသည်။ တစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေးဧည့်ခံပြုစုခြင်း၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်များအား လက်ခံ၍ ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ တိုက်ခိုက်ချေမှုန်းခြင်း၊ နှင်ထုတ်ခြင်း၊ ကြံ့ကြံ့ခံ၍ ခုခံခြင်းပင်ဖြစ်သည်။

ခွာဒိုပွဲတော်၏ အနက်အဓိပ္ပာယ်မှာ တောင်ယာသီးနှံများ အောင်မြင်စွာ ရိတ်သိမ်းပွဲတော်တွင် စားဖွယ်သောက်ဖွယ်ရာများဖြင့် ကွယ်လွန်သူများ၏ ဝိညာဉ်များကို ပူဇော်ဆက်ကပ်ခြင်း၊ တန်ခိုးရှင်ဘုရားများအား ပူဇော်ပသခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ရွာထဲမှ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နှစ်သစ်တွင် ကျန်းမာပျော်ရွှင်ရေး၊ ရာသီဥတု ကောင်းမွန်မှန်ကန်၍ တောင်ယာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်များအား ဧည့်ခံပြုစု ကျွေးမွေးရေးတို့အတွက် အလှူမင်္ဂလာ ဆုတောင်းပွဲတော်ကြီးကို အဆို၊ အကများဖြင့် တစ်ရွာလုံး တပျော်တပါး စုပေါင်းကျင်းပခြင်းကို ဆိုလိုသည်။

ပွဲတော်ရက်သတ်မှတ်ခြင်း

ခွာဒိုပွဲတော်တွင် ပွဲတော်ကျင်းပမည့်ရက်ကို အနည်းဆုံး တစ်ပတ်ခန့် ကြိုတင်သတ်မှတ်၍ ကြေညာသည်။ ပွဲတော်ရက်သတ်မှတ်ရန်အတွက် ရွာသူကြီး (Hausa) (သို့မဟုတ်) နတ်ဆရာ (Siampu) ၏အိမ်တွင် ရွာလူကြီးများ စုဝေးတိုင်ပင်ပြီး နေ့ရက်သတ်မှတ်ကြသည်။ ထိုနေ့ရက်ကို ရွာသူကြီး (သို့မဟုတ်) နတ်ဆရာမှ ကြေညာပေးသည်။ တချို့သောဒေသများတွင် (Tulpi)ခေါ် ဆွေမျိုးစုနတ်ဆရာအကြီးအကဲ၏ သဘောတူခွင့်ပြုသည့် ရက်များ၌သာ ကျင်းပသည်။ ရွာသားများသည် ပွဲတော်ကာလတွင် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြသည်။

ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တာဝန်ခွဲဝေမှု

ခွာဒိုပွဲတော်သည် ရွာလုံးကျွတ်ပွဲတော်ဖြစ်သဖြင့် တစ်ရွာလုံးမှ စုပေါင်းတာဝန်ယူကြရသည်။ ပွဲတော်အတွက် လိုအပ်သော ဆန်၊ ဆပ်ဆန်၊ အောင်လောက်၊ လူး၊ ဆပ်(စ်)၊ ကောက်ညှင်းဆန်၊ ခေါင်ရည်၊ ကြက်၊ ဝက်၊ နွား၊ နွားနောက် စသည်တို့ကို တစ်ရွာလုံးမှ စုပေါင်းရှာဖွေကြသည်။ ပွဲတော်အတွက် ကြက်၊ ဝက်၊ နွား၊ နွားနောက်များကို မွေးထားကြသည်။ အမျိုးသမီးများသည် ထင်းရှာခြင်း၊ ရေခပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဧည့်ဝတ်ပြုခြင်းတို့၌ တာဝန်ယူကြသည်။ အမျိုးသားများက မဏ္ဍပ်ဆောက်ခြင်း၊ တူရိယာပစ္စည်းများ တီးမှုတ်ခြင်းတို့၌ တာဝန်ယူကြသည်။ ပွဲတော်ရက် နီးကပ်လာသည့်အခါတွင် ရေတွင်းရေကန်များ၊ လမ်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြသည်။ ထင်းရှူးဆီသားများကို ရှာဖွေစုဆောင်းထားသည်။ ရွာတွင်းရှိ နတ်ကွန်းများနှင့် ရွာပြင်ရှိ နတ်ကွန်း (Khua Mual)များကို သန့်ရှင်းရေးပြုလုပ်ကြသည်။

ပွဲတော်အမျိုးအစား

တချို့ဒေသများတွင် ခွာဒိုပွဲတော်ကို ဒိုနိုပွဲတော် (Dono Pawi) နှင့် ဒိုပီးပွဲတော် (Dopi Pawi)ဟူ၍ နှစ်မျိုးရှိသည်။ ဒိုပီးပွဲတော်ကို သုံးနှစ်တစ်ကြိမ် ကျင်းပပြီး လေးရက်ကြာ ကျင်းပသည်။ ပထမနေ့တွင် ပျားအုံဖွပ်ခြင်း မပြုလုပ်ဘဲ၊ ဒုတိယနေ့တွင် ပျားအုံဖွပ်ရသည်။ တတိယနေ့တွင် ရွာလယ်နတ်ကွန်း၌ လက်ဆုံစားသောက်ကြသည်။ နတ်ဆိုးများ မောင်းထုတ်သည့်ညတွင် ရွာလယ်နတ်ကွန်း (Khuatual) သို့ဖြစ်စေ၊ ဒုတိယမြောက်နေ့တွင် ပျားအုံများ ယူဆောင်ကာ ရွာဦးနတ်ကွန်း (Khuamual) သို့ သွားရာတွင်ဖြစ်စေ၊ အမျိုးသမီးများ လိုက်သွားခွင့်ရှိသည်။ ဒိုပီး(Dopi) ပွဲတွင် ကျား၊ မ မရွေး အားလုံးသည် နတ်ဆရာအိမ်မှ စုရုံးပြီး၊ အတီးအမှုတ်၊ အကအခုန်ဖြင့် နတ်ကွန်းသို့သွားကြပြီး နတ်ဆိုးများကို မောင်းထုတ်ကြရသည်။ နတ်ကွန်း၌ တစ်ညလုံး သီဆိုကခုန်ကြသည်။ ရွာလယ်နတ်ကွန်းတွင် ခုနှစ်ညကြာ သီဆိုကခုန်ကြသည်။

ဒိုနိုပွဲ (Dono Pawi) ကို သုံးရက်ကြာ ကျင်းပပြီး အမျိုးသမီးများ ပါဝင်ခွင့်မရှိပါ။ ပွဲတော် ပထမနေ့ညတွင် လူငယ်များသည် ပျားအုံဖွပ်ရန် သွားကြသည်။ ရွာလယ် နတ်ကွန်းတွင် သုံးညကြာ သီဆိုကခုန်ကြသည်။

အသုံးပြုသည့် ရိုးရာတူရိယာပစ္စည်းများ

ခွာဒိုပွဲတော်ကျင်းပသည့် ရက်ကာလများတွင် သံစုံဝါးပုလွေ (Phitt)၊ ဗုံ (Khuang)၊ မောင်း (Zam)၊ နွားနောက်ဦးချို (Sialkii)၊ မောင်းစုံတွဲ (Daakbu) များကို တီးမှုတ်ကာ သီဆိုကခုန်ကြသည်။ ခွာဒိုပွဲတော်တွင် ရှေးရိုးရာ သီချင်းများဖြစ်ကြသည့် ခွာဒိုပွဲတော်သီချင်းများ၊ လူကြီးသူမဆုံးမစာ သီချင်းများ၊ ပုလွေမှုတ် (Phit Laam) အက၊ ပျားအုံအက၊ စုပေါင်းအက (Laam Vui)၊ ဒတ်လမ်း (Daak Laam) အကစသည့် အက်မျိုးစုံဖြင့် ပျော်ပျော်ပါးပါး သီဆိုကခုန်ကြသည်။ ပွဲတော်၏ နေ့လယ်နေ့ခင်းများတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် လွန်ဆွဲပွဲ၊ နပန်းပွဲများ၊ ကျောက်တုံးပစ်ပွဲများ ကျင်းပလေ့ရှိသည်။

ခွာဒိုပွဲကျင်းပရန် တစ်ပတ်ခန့် အလိုတွင် သံစုံဝါးပုလွေ (Phitt)များကို ပြုလုပ်ကာ နတ်ဆရာအိမ် (သို့မဟုတ်) လူငယ်ဂေဟာပိုင်ရှင်အိမ် (Sawm Inn)၌ မှုတ်၍ လေ့ကျင့်ကြသည်။ သံစုံဝါးပုလွေတစ်စုံတွင် အနည်းဆုံး ဝါးပုလွေ ရှစ်ခုရှိပြီး အသံလေးမျိုးဖြင့် ပြုလုပ်ထားသည်။ လူဦးရေပေါ်မူတည်၍ ဝါးပုလွေကို သုံးစုံအထိ ပြုလုပ်ထားသည်။ ပျားအုံ သယ်ယူရာတွင်လည်း ဝါးပုလွေသံစုံများကို ဗုံ (Khuang)၊ နွားနောက်ချို (Sialkii)တို့နှင့်တွဲ၍ တီးမှုတ် သီဆိုကာ ဖစ်လမ်းအက (Phitlam) ကခုန်ပြီး ရွာနတ်ကွန်းသို့ ပြန်လာကြသည်။

ခွာဒိုပွဲတော်ကို ဒေသအခြေအနေနှင့် စီးပွားရေးအခြေအနေအရ အနည်းဆုံး နှစ်ရက်မှ အများဆုံး ခုနှစ်ရက်အထိ ကျင်းပကြသည်။ အများစုသည် ခွာဒိုပွဲတော်ကို တစ်မျိုးတည်းသာ ကျင်းပလေ့ရှိသည်။ ပထမနေ့တွင် အိမ်နီးနားချင်းအလိုက်ဖြစ်စေ၊ ဆွေမျိုးစုအလိုက်ဖြစ်စေ ကြက်၊ ဝက်၊ နွား စသည်တို့ဖြင့် စုပေါင်းစားသောက်ပွဲများ ကျင်းပကြသည်။ စားသောက်ပွဲ ပြီးဆုံးသွားသည့်အခါ အတီးအမှုတ်များ၊ သီဆိုကခုန်မှုများကို တပျော်တပါး ကျင်းပကြသည်။ ဇိုမီးတိုင်းရင်းသားတို့၏ ရာသီပွဲများအနက် ခွာဒိုပွဲတော်သည် ပျော်ရွှင်မှု အများဆုံးပွဲတော် ဖြစ်သည်။

ခွာဒိုပွဲတော် ကျင်းပသော အစီအစဉ်တွင် ပျားအုံယူပွဲလည်း ပါဝင်သည်။ ရွာရှိ လူပျို၊ လူရွယ်တို့သည် တောအတွင်းသို့ ဝင်၍ ပျားအုံရှာဖွေကြရသည်။ ပျားအုံရရှိသော အခါ အိုးစည်၊ ဗုံမောင်းတီး၍ အဆိုအကများဖြင့် ရွာသို့ ဝင်လာကြသည်။ အချို့သေနတ်ရှိသော ရွာများတွင် သေနတ်ပစ်ဖောက်၍ ပျားအုံကို သယ်ဆောင်လာကြသည်။ ပျားအုံသယ်ဆောင်လာသော လူပျို၊ လူရွယ်များကို ရွာရှိအပျိုအရွယ်များက ရွာအဝင်ရှိ မွာလ် (ခေါ်) နားနေစခန်းမှ ခေါင်ရည်ဖြင့် ကြိုဆိုတိုက်ကျွေးကြသည်။ ရွာလယ်နတ်ကွန်း (သို့) ပွဲကျင်းပရာအိမ်သို့ ရောက်သောအခါ တိုင်တစ်တိုင်ပေါ်၌ ပျားအုံကိုချိတ်ဆွဲ၍ နတ်ဆရာသည် ပျားများကဲ့သို့ ရွာသူရွာသားများ ညီညွတ်စွာ အလုပ်လုပ်နိုင်ကြစေရန် ဆုတောင်းသည်။ ထို့နောက် ပျားအုံကိုကြည့်၍ နိမိတ်ဖတ်သည်။

ခွာဒိုပွဲတော်ကို ဝက်၊ နွား၊ နွားနောက် စသော တတ်နိုင်သည့် အတိုင်းအတာဖြင့် ကျင်းပသည်။ ကွယ်လွန်ပြီးသူများအတွက် အထူးဟင်းလျာများအဖြစ် သားကောင်၏ ဝမ်းတွင်းသားများကို ချက်ပြုတ်ကာ ကွယ်လွန်သူတို့၏ သင်္ချိုင်းဂူများသို့ သွားရောက်ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ကွယ်လွန်သူများကို ပူဇော်ကန်တော့ပြီးမှသာ စားသောက်ပွဲများကျင်းပ နိုင်သည်။ ခွာဒိုပွဲတော်ကို အစားအသောက်၊ အဆိုအက၊ အတီးအမှုတ်များဖြင့် တစ်နေကုန် တစ်ညလုံး ကျင်းပသည်။ ခွာဒိုပွဲကျင်းပသည့် ပထမနေ့ညတွင် နတ်ဆိုးများကို ရွာတွင်းမှ မောင်းထုတ်ပွဲ ပြုလုပ်ကြသည်။ ခွာဒိုပွဲတော် သီချင်းများကို သီဆိုတီးမှုတ်ရင်း သုံးရက်မှ ခုနစ်ရက်အထိ ကျင်းပသည်။

ဆွေမျိုးများ၏ သင်္ချိုင်းသို့သွားရောက်ဂါရဝပြုခြင်း

ပွဲတော်၏ပထမနေ့တွင် ကွယ်လွန်သူ ဆွေမျိုးများအတွက် ပွဲတော်၌အသုံးပြုသည့် ဝက်၊ နွား၊ နွားနောက်စသော သားကောင်၏ ဝမ်းတွင်းသားများကို အထူးဟင်းလျာအဖြစ် ချက်ပြုတ်ကာ ၎င်းဟင်းမျိုးစုံနှင့် စားသောက်ဖွယ်ရာများအား ယူဆောင်ပြီး တစ်နှစ်တာ ကာလအတွင်း ကွယ်လွန်သူ ဆွေမျိုးများ၏ သင်္ချိုင်းများသို့ သွားရောက်ဂါရဝပြု ပူဇော် ကန်တော့ကြသည်။ ကွယ်လွန်သူဆွေမျိုးများအား ဦးစွာရှိခိုးဦးချဂါရဝပြု ကန်တော့ပြီးမှသာ စားသောက်ပွဲများ ကျင်းပနိုင်သည်။

နတ်ဆိုးများကို နှင်ထုတ်ခြင်း

ပထမနေ့စားသောက်ပွဲပြီး၍ ညနေ မှောင်စပြုလာသည့်အချိန်တွင် နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်ကာ နတ်ဆိုးများ မောင်းထုတ်ကြသည်။ နတ်ဆရာက သေနတ် တစ်ချက်ဖောက်၍ အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ရွာလုံးအိမ်တိုင်းမှ နတ်ဆိုးများကို စတင်နှင်ထုတ်ကြသည်။ နတ်ဆိုးများကို နှင်ထုတ်ရာတွင် အမျိုးသားများသည် ထင်းရှူးမီးနှင့် ပုဆိန်ရိုးတို့ကို လက်တစ်ဖက်စီတွင်ကိုင်လျက် အိမ်ဦးတိုင်မှစ၍ တိုင်များနှင့် နံရံများကို ပုဆိန်ရိုးဖြင့် ရိုက်ထုကြသည်။

ထိုသို့ရိုက်ထုနေစဉ် “ဝိညာဉ်ဆိုး၊ နတ်ဆိုးများ ထွက်သွားကြကုန်လော့၊ နတ်ဆိုးများ၏ အချိန်နေ့ရက်ကာလများ ကုန်လွန်ခဲ့ပါပြီ၊ နတ်ပြည်နတ်ရွာသို့ ပြန်သွားကြပါကုန်လော့၊ ရွာ၌ ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဘေးဒုက္ခများ ကင်းဝေးသွားပါစေ၊ ကျန်းမာချမ်းသာ အေးငြိမ်းကြပါစေ” ဟူ၍ အော်ဟစ်ကြွေးကြော်ကြသည်။ အိမ်ဦးခန်းမှစ၍ အိမ်ရှေ့သို့ ရောက်လာသည့် အခါ လက်တွင်ကိုင်ထားသော ပုဆိန်ရိုးကို အိမ်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ လက်တစ်ဖက်တွင် ကိုင်ထားသော ထင်းရှူး မီးကိုနှစ်ခုခွဲ၍၊ ခြံစည်းရိုးတံခါး ဘေးတစ်ဖက်တစ်ချက်စီတွင် ထွန်းထားခဲ့သည်။ ၎င်းနောက် နတ်ဆရာအိမ်သို့ သွားရောက်စုရုံးကြသည်။ နတ်ဆရာအိမ်မှတစ်ဖန် ထင်းရှူးမီးကိုယ်စီ ဆွဲကိုင်လျက် ရွာလယ်နတ်ကွန်းသို့ သွားရောက်စုရုံးကြပြန်သည်။

ရွာရှိ လူပျိုဆောင် (Lawm Inn)များမှ လူပျိုများသည်လည်း ထင်းရှူးမီးကိုယ်စီကိုင်လျက် နတ်ကွန်း (Tual)သို့ စုရုံးကြသည်။ အဖွဲ့အားလုံး ဆုံမိသည့်အခါတွင် နတ်ကွန်းကို စုပေါင်း၍ တစ်ပတ်ရစ် ပတ်သွားရင်း “နတ်ဆရာများ၊ ဝိညာဉ်ဆိုးများ ထွက်သွားကြပါ ”ဟူ၍ ယခင် နည်းအတိုင်း အော်ဟစ်ကြွေးကြော်ကာ နတ်ကွန်းမှနတ်ဆိုးများ မောင်းထုတ်ကြပြန်သည်။ နတ်ကွန်းများမှ နတ်ဆိုးများ မောင်းထုတ်ပြီးနောက် နတ်ဆရာအိမ်သို့ အားလုံးသွားရောက်စုရုံးကြပြန်သည်။ အိမ်တိုင်းမှ ကြိုတင်စုထားသည့် ခေါင်ရည်အိုးကိုတည်ပြီး ခေါင်ရည်ကို ရေဘူးတွင်ထည့်ထားသည်။ လူပျိုလူရွယ်များသည် ခေါင်ရည်ထည့်ထား သောရေဘူးများကိုယူ၍ ပျားဖွပ်ရန်တောထဲသို့ သွားကြသည်။ တစ်ချို့ရွာများတွင် ပျားအုံကို ကြိုတင်ရှာဖွေကာအိမ်၌မွေးထားကြသည်။

နတ်ဆိုးများမောင်းထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ဟောင်းကာလ၌ မိမိနေအိမ်နှင့် ရွာနတ်ကွန်းတွင် ခိုအောင်းနေထိုင်ခဲ့ကြသည်ဟုယူဆသော မကောင်းဆိုးဝါးဟူသမျှကို မောင်းထုတ် ဖယ်ရှားကာ၊ ရွာကိုသန့်ရှင်း စင်ကြယ်စေခြင်းဖြင့် နှစ်သစ်တွင် ဘေးအန္တရာယ်နှင့် အနာရောဂါဘယကင်းဝေး၍ အေးချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်ကြစေရန်ဖြစ်သည်။ နတ်ဆိုးနှင်ထုတ်သော ရိုးရာတေး သီချင်းတစ်ပုဒ်ရှိပါသည်။ ၎င်းမှာ –
(a) Kum ki khen e, sol kha dang e, zinn in vang khua lam gonghen aw e…
(b) Ziin in vang khua lam zonghen la, siansung tui bang siang hen lawm aw e…
ဟူ၍ ဖြစ်သည်။

ပျားအုံယူခြင်းဓလေ့

ပထမနေ့ညဘက်တွင် ပျားအုံရှာရန်အတွက် လူငယ်လူရွယ်များသည် တောထဲသို့ သွားကြသည်။ ပျားအုံတွေ့သည့်နေရာတွင် ပျားအုံယူရင်း သီဆိုတီးမှုတ်ကာ ညအိပ်ကြသည်။ ဒုတိယနေ့ နံနက်စောစောတွင် ပျားအုံကို သယ်ဆောင်လာပြီး ခွာမွောလ် (Khua Mual) ခေါ် ရွာဦးနတ်ကွန်းသို့ ပြန်လာကြသည်။ ဇိုမီး နတ်ဘာသာဓလေ့အရ ရွာလယ်နတ်ကွန်းနှင့် ရွာပြင်ရှုခင်းသာယာသော နေရာတွင် နတ်ကွန်းတစ်ခုထားရှိသည်။ ရွာပြင်ရှိ ရွာဦး နတ်ကွန်း (Khua Mual) တွင် စုဝေးစားသောက်ကြသည်။ တစ်နေကုန် တီးမှုတ်သီဆို ကခုန်ကြသည်။ ရွာဦးနတ်ကွန်းတွင် ဇောလ် (Zawl)ခေါ် အချစ်ဆုံးသူငယ်ချင်းနှင့်အတူ စားသုံးကြသည်။ ရွာရှိ လူပျိုလူရွယ်များကလည်း စားသောက်ဖွယ်ရာများကို လာပို့ကြသည်။ ညနေပိုင်းတွင် ပျားအုံကို အဝတ်စများဖြင့် ထုပ်ပြီးလျှင် တုတ်တစ်ချောင်းလျှို၍ လူနှစ်ဦးမှထမ်းကာ အတီးအမှုတ် အဆိုအကများဖြင့် ရွာလယ်နတ်ကွန်းသို့ ပြန်လာကြသည်။ ထိုသို့ပြန်လာရာတွင် ရှေ့ဆုံးမှ ပျားအုံထမ်းသူနှစ်ဦးနှင့် ထင်းရှူးမီးကိုင်သူ နှစ်ဦး တန်းစီသည်။ ၎င်းတို့၏နောက်တွင် မောင်းတီးသူများ၊ ဗုံတီးသူများ၊ ဝါးပုလွေ မှုတ်သူများ (တူရိယာတီးမှုတ်အဖွဲ့) ဆက်၍ တန်းစီသည်။ ၎င်းတို့၏နောက်မှ သေနတ်ကိုင် သူတစ်ဦး၊ ၎င်းနောက်မှ ထင်းရှူးမီးကိုင်သူတစ်ဦး၊ ၎င်းနောက် သေနတ်ကိုင်သူတစ်ဦး စသည်ဖြင့် တန်းစီရသည်။ ၎င်းတို့ပြီးမှ အမျိုးသားနှင့် အမျိုးသမီးများသည် ထင်းရှူးမီး ကိုယ်စီဖြင့် ဆက်လက်တန်းစီသည်။ တန်းစီရာတွင် အတန်းမပျက်စေရန်အတွက် ကြိုးတစ်ချောင်းကို ကိုင်စေ၍ ထိန်းထားသည်။ တန်းစီမှုပြီးလျှင် သီချင်းများ သီဆိုတီးမှုတ်ကခုန်ရင်း ရွာဦးနတ်ကွန်းကို သုံးပတ်လှည့် သည်။ သုံးပတ်ပြည့်လျှင် ရွာလယ်နတ်ကွန်း (Khuatual)သို့ တန်းစီ၍ တီးမှုတ်ကခုန် လျက်နှင့် ပြန်လာကြသည်။

ခွာမွာလ်တွင် သေနတ်ကိုင်သူမှ သေနတ်တစ်ချက် ပစ်ဖောက်ပြီးနောက် ခြေလှမ်းညီညီ၊ စည်းချက်ကျကျ လှမ်းကြသည်။ ဘယ်ခြေရှေ့သို့လှမ်းစဉ် ကိုင်ဆောင်ထားသော ထင်းရှူးမီးတိုင်ကို အောက်သို့ နှိမ့်ချလိုက်သည်။ ညာခြေရှေ့သို့ လှမ်းသောအခါ ထင်းရှူးမီးတိုင်များကို ပခုံးထက်သို့မြှောက်၍ ကိုင်ကြသည်။

ခြေလှမ်းညီညီ၊ စည်းချက်ကျကျလှမ်း၍ ပြန်လာကြသော ပျားအုံယူသူများ ရွာလယ်နတ်ကွန်းအနီးသို့ ရောက်လာသောအခါ အသင့်စောင့်ကြိုနေကြသည့် အမျိုးသမီးများသည် ခေါင်ရည်ဘူး၊ အချိုရည်ကိုယ်စီဖြင့် ကြိုဆိုခဲ့ကြရာ ခေါင်ရည်၊ အချိုရည်များကိုတိုက်ကျွေး ကြသည်။ ရွာလယ်နတ်ကွန်းတွင် ရွာသူရွာသားများနှင့် သက်ကြီးရွယ်အိုများမှ “ပျားအုံ ဖြစ်လျှင်မလာပါနဲ့၊ သီးနှံဖြစ်မှ ဝင်လာပါ”ဟု သီဆိုကာ ကြိုဆိုကြသည်။ ပျားအုံယူလာသူ များကလည်း “ပျားအုံမဟုတ်ပါ။ သီးနှံများသာ”ဖြစ်ကြောင်း ဖွဲ့နွဲ့သီဆိုကာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် စည်းချက်ညီညီ သီဆို ကခုန်ကြသည်။ ပျားအုံသယ်ယူလာသူများ နှင့်ကြိုဆိုကြသော အဖွဲ့နှစ်ခုဆုံကြသည့်အခါ စုပေါင်းပြီး ရွာလယ်နတ်ကွန်းကို တစ်ပတ်ရစ် ပတ်ရင်း သီဆိုကခုန်ခဲ့ကြသည်။ ၎င်းနောက် သက်ကြီးရွယ်အိုများ၊ နတ်ဆရာများက ပျားအုံကိုယူ၍ ခွဲဖျက်ကြည့်ကာ နိမိတ်ဖတ်ကြသည်။ ၎င်းညတွင် Khuatual ၌ စားသောက်ပွဲများ ပြုလုပ်ကာ တစ်ညလုံး အမျိုးသားများနှင့် အမျိုးသမီးများသည် လက်ချင်းတွဲ၍ တစ်ညတာပတ်လုံး သီဆိုတီးမှုတ်ကြသည်။

ပျားအုံနိမိတ်ဖတ်ခြင်း

ပျားအုံများတွင် ပျားသလက်ကောင်များသည် ကွက်လပ်မရှိပြည့်လျက် ညီညီညာညာရှိနေကြလျှင် လာမည့်နှစ်တွင် ရပ်ရွာအေးချမ်းသာယာ၍ ဘေးအန္တရာယ်နှင့် ရောဂါဘယကင်းဝေးမည်။ အသီးအနှံဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမည်။ ပျားသလက်ကောင်များ မပြည့်ဘဲ မညီမညာဖြင့် ပျက်စီးသေကျေနေလျှင် သီးနှံအထွက်မကောင်းသည့်အပြင် အနာရောဂါများ ကျရောက်၍ ရွာတွင် အသေအပျောက်များရှိမည်ဟု ယူဆကြသည်။

ခွာဒိုပွဲတော်နောက်ဆုံးနေ့ (တတိယမြောက်နေ့)

ခွာဒိုပွဲတော်ကျင်းပပြီး သုံးရက်မြောက်သောနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေး ပြုလုပ်သည်။ Tual တွင် စားသောက်ပွဲများ မရှိတော့ပေ။ မိမိတို့၏ ဆွေမျိုးစုအလိုက်ဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ အိမ်နီးနားချင်းအလိုက်ဖြစ်�စေ၊ နီးစပ်ရာ ရပ်ကွက်အလိုက်ဖြစ်စေ၊ ဝိုင်းဖွဲ့၍ လက်ဆုံစားသောက်ပွဲများ၊ သီချင်း သီဆို တီးမှုတ် ကခုန်မှုများကို တပျော်တပါး ဆက်လက်ပြုလုပ်ကြသည်။ လူပျိုလူရွယ်များမှာ ရွာလယ်နတ်ကွန်း၌ပင် ဆက်လက်စုဝေး၍ တီးမှုတ်သီဆို ကခုန်ခြင်းဖြင့် ပွဲတော်ကိုပျော်ရွှင်စွာ ဆက်လက်ပါဝင် ဆင်နွှဲကြသည်။ ဤသို့ဖြင့် ခွာဒိုပွဲတော်ကို သုံးရက်တိုင်တိုင် စုပေါင်းစားသောက်ပွဲများ၊ အတီးအမှုတ်အဆိုအကများဖြင့် ဝမ်းသာပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

နှစ်သစ်ကူးနေ့ (နှစ်ဆန်းတစ်ရက်)

ခွာဒိုပွဲတော်သည် တစ်နှစ်တာကာလအတွင်း စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် တောင်ယာသီးနှံများ ရိတ်သိမ်းပြီးနောက် အားလပ်ရက် အနားယူချိန်တွင် ပျော်ရွှင်စွာစုပေါင်း ကျင်းပသည့် ရာသီပွဲတော်ဖြစ်သည်။ တစ်နှစ်တာဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရသော လုပ်ငန်းသည် အပြီးသတ်သည့်နည်းတူ တစ်နှစ်တာ ကာလသည်လည်း ကုန်ဆုံး သွားလေသည်။ ထို့ကြောင့် နှစ်ဟောင်း ကို နှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသည့် ပွဲတော်လည်းဖြစ်သည်။ ဇိုမီး ဓလေ့ဘာသာအရ ခွာဒိုပွဲတော်ကျင်းပသည့်နေ့ရက်တွင် နှစ်ဟောင်းကုန်သည်ဟု မှတ်ယူကြပြီး နောက်တစ်နေ့ကို နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ခွာဒိုပွဲတော်ကို နှစ်သစ်ကူးပွဲတော်ဟု လည်းခေါ်ဆိုကြသည်။

ခွာဒိုပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Culture Heritage – ICH) တစ်ခုဖြစ်သည်။ တိုးတက်လာသော ခေတ်စနစ် အခြေအနေများကြောင့် ခွာဒိုပွဲတော် ထိန်းသိမ်းမြှင့်တင်ရာတွင် အခက်အခဲများရှိနေသော်လည်း၊ ခွာဒိုပွဲတော် ကျင်းပနေခြင်းသည် အမျိုးသားစည်းလုံးညီညွတ်မှု၊ မေတ္တာစေတနာ ပွားများလာမှု၊ ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင်တတ်မှု စသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှု အနှစ်သာရ ကြွယ်ဝသည့် အမျိုးသား ပွဲတော်ကြီးပင် ဖြစ်ပေသည်။

ဇိုမီး အမျိုးသားတို့၏ ရိုးရာပွဲတော်ဖြစ်သော ခွာဒိုပွဲတော်ကို အေဒီ ၁၄၀၀ ထန်ဟော နှင့် လျန်းဒို (Thangho leh Liando) ခေတ်မတိုင်မီကတည်းက နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပနေကြသည်။ ထန်ဟော နှင့် လျန်းဒို (Thangho leh Liando) သီချင်း-
(a) Gual in kumkhua do na lingling, Do na lingling e Gual in kumkhua do na lingling e.
(b) Gual in kumkhua do na lingling e, do hang ah naubang vakap ing e. ဟုဆိုကြသည်။

ခွာဒိုပွဲသည် ဇိုမီးများရဲ့ ရိုးရာ၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာကောင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းနေခြင်းဖြစ်သည်။ ခွာဒိုပွဲတော်သည် ဇိုမီးအမျိုးသားများ၏ စည်းလုံးညီညွတ်မှု၊ မေတ္တာစေတနာနှင့် ချစ်ခင်ရင်းနှီးမှု၊ စုပေါင်းလုပ်ကိုင်တတ်မှုစသည့် အခြေခံ စိတ်ဓာတ်ကောင်းများကို တိုးပွားခိုင်မာစေသော ယဉ်ကျေးမှုအနှစ်သာရ ကြွယ်ဝသည့် ဇိုမီး ရိုးရာပွဲတော်ကြီးတစ်ခု ဖြစ်ပါသည်။

စုဆောင်းသူ – ဂိုးမန်
Zomi Research Institute